အင်းစိန်မြို့နယ်၊ အ.ထ.က(၇)၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် သစ်ပင်များ စိုက်ပျိုး

အင်းစိန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်(၇)နာရီက အင်းစိန်မြို့နယ်၊  တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာစက်မှုဇုန်ရုံးဘေးလမ်း၊ အ.ထ.က(၇)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင်(၃)ဉီးညီညီစိုး(မြို့နယ်လဝက)၊ ရှေ့တန်းအမှတ်(၅၃၃)ခြေမြန်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူးဗိုလ်မှူးဇော်ဇော်ထိုက်၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့်သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝင်းအတွင်းရှိအမှိုက်များ၊ မြက်များ၊ ချုံနွယ်များရှင်းလင်းခြင်း နှင့်အမြင်မသင့်တော်သည့် သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးစသည့်လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး  ကျောင်းဝင်းအတွင်းနှင့်  ကျောင်းရှေ့မြေကွက်လပ်များတွင် မယ်ဇလီပင်(၂၀)ပင်၊ တည်ပင်(၂၀)ပင်၊ မဟော်ဂနီပင်(၂၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)