မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားကျင်းပ

မော်လမြိုင် ဇူလိုင် ၈

မွန်ပြည်နယ်ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁) ဆင်းပွဲအခမ်းအနားကို ယမန်နေ့‌ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဉပဒေချုပ်ဦးမြင့်အောင်က ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပါကြောင်း၊ မှန်ကန်ခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ တရားဥပဒေစိုးမိုးခြင်းတို့သည် ခေတ်စနစ်များမည်သို့ပင် ပြောင်းလဲစေကာမူ လူသားများလိုလားတောင့်တခဲ့ကြသည့် အချက်များဖြစ်ပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် အခြေခံအားဖြင့် ဝန်ထမ်းတစ်ဦး၏ တာဝန်နှင့်ကျင့်ဝတ်များကိုစောင့်ထိန်းရန် တာဝန်ရှိပါကြောင်း၊ ဉပဒေများကို သိရှိထားခြင်းဖြင့် နိုင်ငံတော်၏တာဝန်များကို ဆောင်ရွက်ရာတွင် သိက္ခာရှိရှိဖြင့် အရည်အချင်းပြည့်မီအောင်မြင်စွာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းအားဖြင့် မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာရောက်သည်ဟု ယုံကြည်မိပါကြောင်း ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဉပဒေချုပ်ဦးမြင့်အောင်က သင်တန်းတွင် ထူးချွန်ဆုရရှိသူအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဉပဒေအရာရှိက သင်တန်းသူ/ သားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မော်လမြိုင်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနပေါင်းစုံမှ အရာရှိ(၈၂)ဦးဖြင့်  ဇူလိုင်လ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်