ကိုကိုးကျွန်း ဇူလိူင် ၈
သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ရပ်ကွက်များ၌ ရောင်းချလျက်ရှိသည့် မုန့်ဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်း မရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် စီမံအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက မုန့်ဆိုင်များကို လှည့်လည်စစ်ဆေးရာတွင် မုန့်ဈေးဆိုင်များတွင် ရက်လွန်မုန့်များ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသားပါသည့် မုန့်များကိုသာ ရောင်းချရန် အခြားအစားအသောက်များ၊ ယင်နားစာများမဖြစ်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန် ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသည့် အစားအစာများကို ရှောင်ရှားနိုင်ရေး ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်တို့ကို ဈေးရောင်းချသူများအား အသိပညာပေး ဆွေးနွေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်ရှိသည့် အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ ကျန်စျေးဆိုင်များအား အလားတူဆက်လက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)