မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲ ကျင်းပ

မိုင်းစံ ဇူလိုင် ၈

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို  မိုင်းစံမြို့  အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား တိုင်းပြည်အပေါ်စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသည့် အာဇာနည်တို့ဂုဏ်ရည်ကို လေးစားမြတ်နိုးတတ်စေရန်၊ အာဇာနည်ကြီးများ၏ အထ္ထုပ္ပတ္တိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အ‌ကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အာဇာနည်ကိုးဦး၏ အမှတ်တရပုံရိပ် မှတ်တမ်းဓာတ်ပုံများကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်သားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)