တာချီလိတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူကာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က “ဒီကနေ့ နိုင်ငံတော်မှ မြန်မာ့အားကစားကို နိုင်ငံတကာအဆင့်မီ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်လူငယ်အားကစားသမားများ စုဆောင်းရရှိရေးဟာ အဓိကအရေးအကြီးဆုံးအချက်ဖြစ်တဲ့အတွက် ဒါတွေကို အကောင်အထည်ဖော်ဖို့က အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်/ကျေးရွာမှစတင်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေနဲ့ မိမိကိုယ်စားပြုတဲ့ ရပ်ကွက်/ကျေးရွာဂုဏ်ကို မြှင့်တင်နိုင်ရမယ်၊ ထိုမှတဆင့် မိမိကိုယ်စားပြု မြို့နယ်/ ခရိုင်/ ပြည်နယ်နဲ့ နိုင်ငံတော်ရဲ့ဂုဏ်ကိုဆောင်နိုင်တဲ့ နိုင်ငံ့သားကောင်းဖြစ်ရမယ်ဆိုတဲ့ မျိုးချစ်စိတ်နဲ့ ကြိုးစားယှဉ်ပြိုင်သွားကြပါဟု” တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ပုန်းထွန်ရပ်ကွက်နှင့် ဖန်မင်ရပ်ကွက်တို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရက်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၂၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)