တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် အလင်းအိမ်စာကြည့်တိုက်မှ နိုင်ငံတော်အဆင့် ဘွဲ့ရဆရာတော်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် “အလင်းအိမ်စာကြည့်တိုက်” ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပသည့် နိုင်ငံတော်အဆင့် ဘွဲ့ရဆရာတော်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က “အလင်းအိမ်စာကြည့်တိုက်” ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်းမှ ရပ်ကွက်ပြည်သူများ၏ အကျိုးဆောင်ရွက်ပေးမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောက်စရစ်ကုန်းကျေးရွာ လူငယ်ဖွံ့ဖြိုးရေးပရဟိတ မိဘမဲ့ဂေဟာနှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တထေရိန္ဒက ဩဝါဒစကားမိန့်ကြားတော်မူခဲ့သည်။

ထို့နောက် လူငယ်ဖွံ့ဖြိုးရေးပရဟိတ မိဘမဲ့ဂေဟာနှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တထေရိန္ဒ၊ အနော်ရထာရပ်ကွက်၊ နောင်သင်္ခါကျောင်းသစ်ကျောင်းမှ ဓမ္မာစရိယစာမေးပွဲတွင် ကျမ်းရင်းသုံးကျမ်းလုံး အောင်မြင်သည့် အရှင်မာနိတ အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ငါးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ရိုးရိုးအောင်မြင်သူ (၁၃) ဦးတို့အား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်