မိုင်းယောင်း ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူပညာပေးဆွေးနွေးကို ယမန်နေ့နံနက်ပိုင်းက ဝမ်တပ်အုပ်စု ဝမ်ဘန်းကျေးရွာ၌ ကျင်းပခဲ့သည်။
တောင်သူပညာပေးဆွေးနွေးတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက သီးနှံများအထွက်နှုန်းသာမက အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် မြေအမျိုးအစားအလိုက် ပြုပြင်နည်းများ၊ စိုက်ပျိုးမည့်သီးနှံအလိုက် ကုန်ကျစရိတ်နည်းနည်းနှင့် ထိရောက်သည့် အာဟာရဓာတ် ထည့်သွင်းရမည့်နှုန်းထားများ၊ မိုးစပါးသီးနှံစိုက်ပျိုးနည်းစနစ်နှင့် မျိုးကွဲအလိုက် သက်တမ်းပေါ်မူတည်၍ ယူရီးယား၊ ဖော့စဖိတ်နှင့် ပိုတက်ဓာတ်မြေဩဇာ ထည့်သွင်းရမည့်အချိန်၊ နှုန်းထားနှင့် စနစ်တကျသုံးစွဲနည်းများ၊ စပါးပင်သက်တမ်းအလိုက် ရေလိုအပ်မှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေးဆွေးနွေးပွဲ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)