လင်းခေး ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတစ်ဧကတင်း (၁၀၀) အထက်အထွက်နှုန်းရရှိရေးစံပြကွက်၊ နေကြာမျိုးစေ့ထုတ်နှင့် အစေ့ထုတ်ပြောင်း ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် တောင်သူများထံ စိုက်ပျိုးရေးပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှငြိမ်းခိုင်က မျိုးစေ့ထုတ်လုပ်ငန်းများနှင့် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိ အောင်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ တာဝန်ရှိသူတို့က အဆိုပါ စံပြကွက်နှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးစိုက်ပျိုးသွားမည့် တောင်သူများထံ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာအသုံးပြုပုံ လက်တွေ့ပြသရာ၊ တက်ရောက်လာကြသူများနှင့် တောင်သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်