မိုးညှင်း ဇူလိုင် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ် ၂၀၂၄ ပညာသင်နှစ် အဝေးသင်သိပ္ပံအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဝေးသင်သိပ္ပံအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အဝေးသင်အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ သင်တန်းရေးရာဌာနမှ ဌာနမှူးဒေါ်တင်လှအုန်းက ရှင်းလင်းပြောကြားကာ အဝေးသင်ဌာနခွဲမှူး ဒေါ်စမ်းစမ်းအေးက မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမကြီးများအား မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် အဝေးသင်သိပ္ပံမှ စတုတ္ထနှစ်ကျောင်းသူတစ်ဦးက မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အဝေးသင်သိပ္ပံ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးက အဆိုပါကြိုဆိုပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
ရွှေမိုးညှင်း