မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ဆောက်လုပ်သော "ဘဝအလင်းသစ်" စာကြည့်တိုက်အား တက်ရောက်ဖွင့်လှစ်

စဉ့်ကိုင် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သော သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ် " စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ သင်္ဂတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးသန့်တို့က "ဘဝအလင်းသစ်" စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက် အဆောက်အဦသစ်အား အမွှေးနံ့သာ‌ရေများ ပက်ဖြန်းပေးခဲ့ပြီး စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် တော်ဝင်ပိတောက်မြိုင် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ဝင်းတို့က မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ ပရိဘောဂများ၊ သုတ/ရသ စာအုပ်စာစောင်များအားလည်းကောင်း၊ ဦးရွှေခိုင် (ရွှေအကယ်ဒမီ) မိသားစု၊ ဦးအောင်ကျော်မင်း (အောင်ကောင်းပြည့်စုံ) မွေးမြူရေးမိသားစုတို့မှ သုတ/ရသ စာအုပ် (၂၉၀)အုပ်တို့အား "ဘဝအလင်းသစ်" စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသန့်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ် သစ်ပင်အား စိုက်ပျိုးပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား "ဘဝအလင်းသစ်" စာကြည့်တိုက်နှင့် ပတ်သက်သည့် လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ