မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတက်ရောက်ပူဇော်

စစ်တွေ ဇူလိုင် ၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ် အတွင်း၌ ပူဇော်ထားသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့အား ဗုဒ္ဓါဘိ သေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့အား စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်ပဓာန နာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆင်းတုတော်များအား အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်း ဒါန၊ သီလ၊ ဘာဝနာကုသိုလ်မှု ဆည်းပူးခြင်းကို စေတီတော် လိုဏ်ဂူအတွင်း၌ ကျင်းပရာ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ် များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့မှာ စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကိန်းဝပ်စံပါယ်လျက်ရှိရာ အများပြည်သူများ ကုသိုလ်ဒါနပွား များနိုင်ရန် လာရောက်ဖူးမြော်နိုင်ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)