တပ်ကုန်းမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါး၊ သီလရှင်တစ်ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့်“ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ” အခမ်းအနားကျင်းပ

တပ်ကုန်း ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သောသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါးနှင့်သီလရှင်တစ်ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ” အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်တွင် ကျင်းပရာ တပ်ကုန်း မြို့နယ်သူ မြို့နယ်သားများမှ ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ” အခမ်းအနား သို့ မြို့နယ်ဩဝါဒစရိယ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တစန္ဒာသီရိနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောမန အမှူး ပြုသည့် ပင့်သံဃာတော် ၁၀ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ငါးပါးနှင့်သီလရှင်တစ်ပါး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ် သာသနာရေးမှူးဦးနီနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ဥပတ္ထမ္ဘ အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ဩဝါဒ စရိယဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တစန္ဒာသီရိက သာရဏီယ ဩဝါဒ ကထာမြွက်ကြားပြီးနောက် ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီး ၏ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ခြင်း၊ ဘွဲ့ရဆရာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ငွေတောင်တောရစာသင်တိုက် စာချနာယကဆရာတော် အရှင် မေဓိယ(သာသနာ့ဓဇဓမ္မာစရိယ)ရေးစပ်ဂုဏ်ပြုသည့် ရှစ်ဆယ်ပေါ်တေးထပ်ကို ဓမ္မတေးဂီတ အဖွဲ့က တီးခတ်သီဆိုပူဇော်ခြင်း၊ ရွှေအင်းရိပ်သာစာသင်တိုက် စာချနာယက၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူခြင်း၊ သံဃာတော်များ ထံမှ ပရိတ်တရားတော်များနာယူခြင်း၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်က သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ပြီးနောက် ဘွဲ့တံဆိပ်တော်ရဆရာတော် ငါးပါးနှင့် သီလရှင်တစ်ပါး တို့အား အဆောင်အယောင်နှင့်လှူဖွယ်ပစ္စည်းများအား မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌနှင့် ဌာန ဆိုင်ရာများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ လှူဒါန်းမှုအစုစုတို့အား မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက ရေစက်ချတရားတော်ချီးမြှင့်၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တင်စိုးလွင်