ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဇူလိုင် ၇

“အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက်ပေး” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ ယမန်နေ့က ကျရောက်သည့် (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမ ဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ်ကုန်ပြခန်းဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ရုံးအတွင်းရှိ ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတကာ သမဝါယမများက မျှဝေခံစား တတ်သည့် လူ့ကျင့်ဝတ် ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် ကမ္ဘာတစ်ဝှမ်းလုံးက သဘောတူ လက်ခံထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံးကြိုးစားအားထုတ်ပြီး မိမိတို့ မြန်မာ့ သမဝါယမများကလည်း မိမိဒေသ၊ မိမိလူမျိုး၊ မိမိနိုင်ငံ၏ အနာဂတ်ဘဝ ပိုမိုတိုးတက်ကောင်း မွန်လာစေရေးအတွက် သမဝါယမ၏ အနှစ်သာယနှင့်ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ အဓိက ဦးတည်ချက်ဖြစ်သည့် မြန်မာ့သမဝါယမပုံရိပ်ကို ပြန်လည်မြှင့်တင်ပြီး တာဝန်ရှိသူများကိုယ် တိုင်က စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ရေရှည် ဖွံ့ဖြိုးနိုင်ရေး သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင် ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက အပြည်ပြည်ဆိုင်ရာ သမဝါယမအသင်းချုပ်က ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် မြို့နယ်ပေါင်း(၁၃) မြို့နယ်များအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သမဝါယမလုပ်ငန်းများတွင် ထူးချွန်စွာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြသော ပထမဆုရ မိုးကောင်းမြို့နယ်၊ ဒုတိယဆုရ မြစ်ကြီးနားမြို့နယ်နှင့် တတိယဆုရ မိုးညှင်းမြို့နယ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး တစ်ဦးအားလည်းကောင်း ဂုဏ်ပြုချီးမြှင့် ခဲ့ကြသည်။

ယင်းနောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ သမဝါယမ အသင်းသား/ အသင်းသူများက ဒေသထုတ်ကုန် ပစ္စည်းများ ပြခန်းအတွင်း သမဝါယမအသင်းစုများ၏ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ အဝတ်အထည်များ၊ ဝါးလက်မှုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း သမဝါယမကဏ္ဍမှ (၃၀-၆-၂၀၂၄)ရက်နေ့အထိ မြို့နယ်(၉)မြို့နယ်၊ သမဝါယမအသင်းပေါင်း (၆၁)သင်း၊ အသင်းသားတောင်သူ (၃၁၇၉)ဦးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက်လယ်ယာ၊ OROP၊ အရောင်းဆိုင်၊ သဘာဝဓာတ်မြေသြဇာ၊ ဆန်စက်၊ ဆီစက်များနှင့် အခြားလုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် (၂၃၂၂ ဒဿမ ၄၀)သန်းကို မတည်ထောက်ပံ့ငွေများ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်