မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၇

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီမုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ဂေါက်ကလပ်(ငန်းတေး)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်သည်။

ရှေးဦးစွာပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးတိုးဝင်းတို့က ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ပြိး ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြိုနယ်သီးသီးရှိ စာသင်ကျောင်းများ၌ ကျောင်းအကျိုးပြု စုပေါင်း သန့်ရှင်းရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သုခဝတီ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့်ကိုက်ညီမှုရှိစေရေးနှင့် အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ စာသင်ကျောင်းဆောင်များ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်ဂေါက်ကလပ် (ငန်းတေး) ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြပြိုင်ပွဲဝင် ဂေါက်သီးရိုက်အသင်းများအား ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ တန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအားလည်းကောင်း၊ ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)