ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ (ကျောက်နီစိုက်ကွင်း)အတွင်း နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇူလိုင် ၇

ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်(၅)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာ အုပ်စု၊ စိုက်ပျိုးရေး ဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း)အတွင်း နွားမွေးမြူရေးဇုန်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ မွေးမြူရေးဇုန် ရှင်းလင်းဆောင် တည်ဆောက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး မွေးမြူရေးလုပ်ငန်းရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ညှိနှုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်မွေးမြူရေးလုပ်ငန်းရှင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က နွားစားမြက်မျိုးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇုန်အတွင်း တည်ဆောက်ထားသည့် နွားမွေးမြူမည့်ခြံ၊ နေဗီယာနွားစားမြက်စိုက်ခင်း၊ ဇုန်အတွင်း တူးဖော်ထားသည့် အမှတ်(၁) အမှတ်(၂) ရေကန်နှင့် Super Seven Star ကုမ္ပဏီမှ တည်ဆောက်မည့် နွားမွေးမြူရေး ခြံနေရာ၊ ဇုန်အဝင် ပိုးသတ်ဆေးဖြန်းဂိတ် တည်ဆောက်မည့်နေရာနှင့် လျှပ်စစ်မီးတိုင် စိုက်ထူမည့်နေရာအား လှည့်လည်ကြည်ရှုစစ်ဆေးကြသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီး-ရပ်စောက်သွားကားလမ်းရှိ ရေပူကျေးရွာနှင့် ဆင်တဲကျေးရွာတွင် မိုးရာသီကာလ၌ ကားလမ်းရေကျော်သည့်နေရာအား တာဘောင်မြင့်လမ်း အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိသည်။

မောင်မောင်သန်း(တောင်ကြီး)