တာချီလိတ် ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ဇူလိုင်လ (၆) ရက်တွင် ကျရောက်သည့် (၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် “ပစ်တိုင်းထောင်” အထွေထွေစီးပွားရေးလုပ်ငန်းနှင့် ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက JA စားသောက်ဆိုင် အပေါ်ထပ် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် သဘာပတိဖြစ်သူ “ပစ်တိုင်းထောင်” အထွေထွေစီးပွားရေးလုပ်ငန်းနှင့် ငွေစုငွေချေး သမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်တို့က အမှာစကားပြောကြားကာ အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား အမှုဆောင်အဖွဲ့ဝင် ဒေါ်နီလာက ဖတ်ကြားတင်သွင်းပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု စာရင်းများအား ဌာနခွဲစာရေး ဦးအောင်မျိုးသူက ဖတ်ကြားတင်သွင်းသည်။
ထို့နောက် အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများအား အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် သဘာပတိ၏ အတည်ပြုချက်ရယူခြင်းတို့ဆောင်ရွက်ကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ “ပစ်တိုင်းထောင်” အထွေထွေစီးပွားရေးလုပ်ငန်းနှင့် ငွေစုငွေချေးသမဝါယမအသင်း လီမီတက်သည် အသင်းဝင် (၁၀၉) ဦးရှိပြီး အစည်းအဝေးတက်ရောက်လာသူများ ပုဇွန်ဆီ တစ်ပိဿဘူး တစ်ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)