ကော့မှူးမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကော့မှူး ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ပြောကြားရာတွင် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများနှင့် ကားလမ်းဘေးဝဲယာရှိ စံပြစိုက်ဧကများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် ရာခိုင်နှုန်းပြည့် စိုက်ပျိုးသွားကြရန်၊ Seeder ဖြင့် စိုက်ပျိုးပြီးစီးသည့် မိုးစပါးစိုက်ဧကစာရင်းအား အပတ်စဉ်(သောကြာ)နေ့တိုင်း တင်ပြကြရန်၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှုမရှိစေရေး တားမြစ်ဆောင်ရွက်‌သွားကြရန်နှင့် လိုက်နာမှုမရှိပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြကြရန်၊ စာသင်ကျောင်းများ‌ ဆေးရုံများအတွင်း ချုံနွယ်ပိတ်ပေါင်းများနှင့် မြက်ရိုင်းများကြောင့် ဥပတိရုပ်များ ကျဆင်းစေသည့်အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သဖြင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပေါင်းစပ်ဆောင်ရွက်ကြရန်၊ လေဖိအားနည်းရပ်ဝန်းရှိသဖြင့် သဘာဝဘေးနှင့်ပတ်သက်၍ ထူးကဲဒီရေတက်နိုင်သဖြင့် ရန်ကုန်မြစ်တစ်လျှောက် နေထိုင်သူများအနေဖြင့် ရေကင်းသေချာချထားရန်နှင့် သဘာဝဘေးဖြစ်စဉ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ တင်ပြရန်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများက မိမိဌာန၏လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)