တာချီလိတ်မြို့၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တာချီလိတ် ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) အစီအစဉ်ဖြင့် သစ်တောဦးစီးဌာနနှင့် ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာပေးခြင်း စီမံကိန်းတို့ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ ဒေသများ ထိန်းသိမ်းခြင်းတို့တွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် တာချီလိတ်မြို့နယ် ဝမ်ပုံ-စံဖူးကားလမ်းမ၊ မိုင်တိုင်အမှတ် (36Km-37Km) ကြားရှိ မဲခေါင်မြစ်၏ ရေဝေရေလဲ ဧရိယာအတွင်း မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် နာရီက ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောသုတေသနဌာန (ရေဆင်း)မှ ညွှန်ကြားရေးမှူး ဦးစိုးတင့်-၁နှင့် တာချီလိတ်ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ထွန်း-၃တို့က ပျိုးပင်များ ပေးအပ်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၆၀)ဦးတို့က မဲဇလီ၊ မန်ဂျန်ရှား စသည့် ပျိုးပင်(၁၁၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)