တံတား ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ပါရဂူရေးသားသည့် “သမိုင်းသင်ခန်းစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရကြောင်း ပြောကြားပြီးနောက် (Youth Club)အဖွဲ့ဝင် မကေသီခိုင်မှ “ကျောက်စာမှ ပြောသောသမိုင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူ့သမိုင်း၌ အတိတ်ကာလ၌ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များ အကြောင်းအရာများကို ရှေးဟောင်းပစ္စည်းများ၊ ရှေးဟောင်းကဗ္ဗည်းကျောက်စာများအရသာလျှင် သိရှိနားလည်ကြကြောင်း၊ ကဗ္ဗည်းထိုးကျောက်စာများသာမရှိလျှင် ရှေးဟောင်းလူ့သမိုင်းကို သိရှိနားလည်ဖို့ရန် မလွယ်ကြောင်း၊ အသောကမင်းတရားကြီး ရေးထိုးထားသော ကျောက်စာများသာမရှိလျှင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့သည်ဆိုသည်ကို သမိုင်းအထောက်အထားခိုင်လုံစွာဖြင့် အခိုင်အမာပြောပြရန် ခက်ခဲကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Youth Club)အဖွဲ့ဝင် မဖူးပွင့်ကျော်မှ “ပံ့သကူ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကာတက်ရောက်လာသော စာပေဝါသနာရှင်များမှ အတွေးအမြင် ဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)