ကော့မှူး ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီက မကျီးတန်းရပ်ကွက် ကွင်းအမှတ် (၂၉၃)၊ ဦးပိုင်အမှတ် (၁၀/၁)ဧက(၆)ရှိ တောင်သူ ဦးပြုံးပိုင်လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က (Seeder)စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧကမျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန်မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီစိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ