မြောက်ဥက္ကလာပ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီမိုးက ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များအား ဆွေးနွေးပြောကြားပြီး စားသုံးသူသို့ ပြေစာများအပေါ် သတ်မှတ်အခွန်ပြေစာအမှတ်တံဆိပ်အပြည့်အဝ ကပ်နှိပ်ရောင်းချကြရန်နှင့် ကပ်နှိပ်ရန်ပျက်ကွက်ခြင်း၊ လျော့နည်းကပ်နှိပ်ခြင်းစသည့် ပျက်ကွက်မှုများကို စိစစ်တွေ့ရှိရခြင်း၊ အထောက်အထားများဖြင့် တိုင်ကြားလာခြင်း၊ သတ်မှတ်စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက ပျက်ကွက်မှုအလိုက် ဥပဒေ၊ စည်းမျဥ်းစည်းကမ်းပါ ပြဋ္ဌာန်းထားသည့်အတိုင်း ဒဏ်တပ်ရိုက်ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း လုပ်ငန်းရှင်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲသို့ တက်ရောက်လာကြသော မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့များ၊ လုပ်ငန်းရှင်(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)