နမ့်စန်(တ) ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အ.ထ.က-ခွဲ(၅-ရပ်ကွက်)မှ မောင်ကောင်းခန့်ဈာန်နှင့် မယွန်းလဲ့ဝေတို့က “စာဖတ်ခြင်းမှရရှိသော အတွေးအမြင်”၊ အ.ထ.က(မြို့မ)မှ မနဒီလှိုင်နှင့် မဖြူစင်ကြယ်တို့က “စာအုပ်စာပေ လူ့မိတ်ဆွေ”၊ အ.ထ.က(နမ့်စန်)မှ မောင်ရဲထက်နိုင်နှင့် မထက်ထက်အောင်တို့က “စာဖတ်ခြင်း၏အကျိုးကျေးဇူး”စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် အ.ထ.က-ခွဲ(၅-ရပ်ကွက်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းတို့က ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ (၆)ဦးနှင့် မေးခွန်းများ ပြန်လည်မေးမြန်းဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)