ရန်ကင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကင်း ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကင်းပညာရေး ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဆရာကြီး ဦးအောင်မြတ်စိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ရန်ကင်းပညာရေး ဒီဂရီကောလိပ်၌ ဇူလိုင်လ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ရှားမှုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဥ်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၌ ပြိုင်ပွဲများ၊ ဂိမ်းကစားခြင်းများ၊ ဖျော်ဖြေရေးအစီအစဥ်များတွင် ပါဝင်မည့် ကျောင်းသား၊ ကျောင်းသူများ၊ စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်ကျော်ကလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဥ်များ၊ မြို့မိ၊ မြို့ဖများမှ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတွင် အားဖြည့်လှူဒါန်းမည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများမြို့မိမြို့ဖများ၊ ကော်မတီဝင်များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)