မက်မန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေများမှတစ်ဆင့်အသိပညာတိုးတက်စေရန်၊ နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် လူငယ်များပါဝင်လာစေရန်၊ လူငယ်များ၏ ဘဝတိုးတက်မြင့်မားလာစေရန်၊ စာဖတ်ခြင်းဖြင့် အမှား/အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာရေးဆရာ ဗန်းမော်တင်အောင်၏ “အညတြ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝါသနာရှင် မအီလားက စာရေးဆရာ ဗန်းမော်တင်အောင်ရေးသား သည့် အညတြစာအုပ်အား ဖတ်ရှုရခြင်းဖြင့် ဇာတ်ဆောင် ကြက်တော၏ ဘဝကို သိရှိရခြင်း၊ ကြက်တောသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလအတွင်း မွေးဖွားခဲ့ရသော ကလေးငယ်၏ ဘဝကြမ်းတမ်း ခက်ခဲမှုများနှင့် ရင်းဆိုင်ရသော်လည်း အမှန်တရားကို မြတ်နိုးတတ်သူဖြစ်ခြင်း၊ ဘုန်းကြီးကျောင်းသား ဘဝတွင် စားသောက်ရေးအတွက် အများနည်းတူ ကိုယ်ရင်(ရဟန်း)ပြုလိုသော်လည်း ရဟန်းဘဝသို့ ရောက်ရှိခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသားဘဝဖြင့် နေခဲ့ခြင်း၊ အများ၏ စွန့်ပစ်ခံဘဝသို့ ရောက်ရှိခြင်း၊ မိဘမဲ့စွာ ကြီးပြင်းခဲ့ခြင်းများကို ဖတ်ရှုမှတ်သားခဲကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မဂျူးလေက ဗန်းမော်တင်အောင်၏ အညတြစာအုပ်မှ ဇာတ်ဆောင် ကြက်တော၏ ဘဝကိုလေ့လာရာတွင် ကြက်တောသည် အနေဆင်းရဲသော်လည်း ဘဝကို အားကြိုးမာန်တက်အစဉ် ကြိုးစားနေသူဖြစ်ကြောင်း တွေ့ရှိကြောင်း၊ ဆင်းရဲသား ကြက်တောသည် အများတကာ၏ ခိုင်းစေခံမှုကို ငြီးငြူခြင်းမရှိဘဲ ထမင်းနပ်မှန်အောင် စားသောက်ရေးအတွက် အမျိုမျိုး ရုန်းကန်ခဲ့ရကြောင်း၊ ဇာတ်ဆောင်ကြက်တောအနေဖြင့် နိုင်ငံရေးပြောင်းလဲမှုများတွင်လည်း တစ်နည်းတစ်ဖုံ ပါဝင်လာခဲ့သူဖြစ်ကြောင်း၊ သတင်းသမားများအတွက် နယ်ပယ်စုံမှ သတင်းအချက်အလက် များကိုပင် ပေးပို့နိုင်ခဲ့သူဖြစ်ကြောင်း ဖတ်ရှု့မှတ်သားခဲ့ကြောင်းဆွေးနွေးခဲ့သည်။ မောင်အိုက်ထန်က ဆွေးနွေးရာတွင် ဗန်းမော်တင်အောင်ရေးသားသည့် အညတြ ကြက်တော စာအုပ်ကို ဖတ်ရှုခြင်းဖြင့် မွေးဖွားလာသည့်မှစ၍ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့သော ကြက်တောသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များတွင် ဘဝမျိုးစုံဖြင့် ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ထောင်ကျသည်ကိုပင် စားသောက်နေထိုင်ရေးအတွက် ပျော်မွှေ့ခဲ့သူဖြစ်ကြောင်း သုံးသပ်ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် မက်မန်းမြို့နယ်အတွင်းရှိ စာပေဝါသနာရှင်လူငယ် မောင်မယ်များက စိတ်အားထက်သန်းစွာပါဝင်၍ ဆွေးနွေးခဲ့ခြင်း၊ ဖတ်ရှုမှတ်သားသည့်အပေါ်တွင် အချင်းချင်းဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင် စာဖတ်ဝါသနာပါသူ လူငယ်မောင်မယ် (၃၀) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)