တပ်ကုန်း ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာ ပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဒဟတ်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သက်ထားအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ် ဟန်ဇော်က လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး “လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူး မှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာ ပေးနံရံကပ်စာစောင်များ၊ စာအုပ်၊စာစောင်များအား ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်း သူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်