ကျောက်တံတားမြို့နယ် အ.မ.က(၆)တွင် ကလေးငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေး

ကျောက်တံတားမြို့နယ် ဇူလိုင် ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့  နေ့လယ် ၁ နာရီက ကျောက်တံတားမြို့နယ်အတွင်းရှိ အ.မ.က(၆)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား ကျောင်းသူများအား အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုခြင်း၊ ပုံပြင်အား ပြန်လည်ပြောပြခြင်း၊ ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့ကာ ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများအား အသိပညာ၊ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခိုင်သဇင်(ပြန်/ဆက်)