တောင်ကြီး ဇူလိုင် ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ လက်လှမ်းမီစွာ စာပေဖတ်ရှုလေ့လာနိုင်စေရေး၊ စာဖတ်သည့်အလေ့အထများ တိုးပွားလာစေရေး၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားရရှိပြီး နိုင်ငံတော်ကအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာဖတ်သူထံအရောက် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ)ကုန်းညွတ်၊ အ.ထ.က(၂)စဉ့်ဟယ်နှင့် အ.ထ.က (အောင်သပြေ)ကျောင်းများသို့ သွားရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus)ပေါ်တွင် သုတစာအုပ်မျိုးစုံ၊ ရသစာအုပ်မျိုးစုံနှင့် ကလေးစာပေများကို စုံစုံလင်လင်ဖြည့်ဆည်းဆောင်ရွက်ထားပြီး တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများသို့ (၂)ပတ်တစ်ကြိမ် သွားရောက်၍ စာအုပ်များ လှည့်လည်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)