ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် ဇူလိုင် ၄

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ ၂၀၁၄ အရ၊ ကလေးငယ်များကို မှန်ကန်သော အသိစိတ်ဓာတ်အခြေခံဖြင့် ဖွံ့ဖြိုးရေးစံနှုန်းများနှင့်အညီ ပြုစုပျိုးထောင်ရန်၊ ပြည်နယ်အတွင်းမှ နေ့ကလေးထိန်းမူကြိုကျောင်းများ၊ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန်၊ နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာအကူအညီများပေးရန်၊ ပြည်တွင်း၊ ပြည်ပ၊ ပုဂ္ဂလိနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအား နေ့ကလေးထိန်းဌာနများနှင့် မူလတန်းကြိုကျောင်းများ စနစ်တကျ တည်ထောင်ခွင့်ပြုခြင်းအားဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ဆောင်ရွက်နေသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး လုပ်ဆောင်သွားနိုင်ဖို့ တတ်စွမ်းသမျှ ပူးပေါင်းညှိနှိုင်းပြီး ပြည်နယ်အတွင်းရှိ ကလေးများဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် ဝိုင်းဝန်းကြိုးစားကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသော ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောကြည်နိုင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)