ဇေယျာသီရိမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံ သံဂဟေဆက်နည်း သင်တန်းဖွင့်လှစ်

ဇေယျာသီရိ ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် အခြေခံသံဂဟေဆက်နည်း သင်တန်းကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်းမှ သင်တန်းသား (၂၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ဝရိန် Position အလိုက် ဂဟေဆက်နည်းများ၊  Joint ဆက်နည်းများ၊ တေ့ဆက်၊ တီပုံအဆက်၊ ထပ်ဆက်၊ ထောင့်ဆက်၊ အနားစောင်းအဆက် နည်းပညာများကို ဇူလိုင်လ ၄ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပြန်/ဆက်)