ကျောက်ဆည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အသေးစား၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ကိုင်သူများအတွက်လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကျောင်းများအား အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်၊ ဒေသထွက်ကုန်အပေါ် အခြေခံသည့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးရွာတစ်ရွာထွက်ကုန်တစ်မျိုး လုပ်ငန်းများ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ဟံမြင့်မိုရ်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားစေရန် ရန်ပုံငွေထူထောင်ခြင်းအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းကော်မတီများဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်အောင်က ကျေးလက်စီးပွားမြင့်မားစေရေး ငွေကြေးအရင်းအနှီများရရှိလာခြင်းကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားလုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းနည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှု နည်းပညာများရရှိခြင်းကြောင့် မိသားစုဝင်ငွေတိုးပွားခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှုမြင့်မားလာခြင်း၊ စွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် အစုအဖွဲ့စနစ်ဖြင့်ဆောင်ရွက်တတ်သည့် အလေ့အကျင်းကောင်းများရရှိလာခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ် ဖွံ့ဖြိုးမှုအားကောင်းလာခြင်း၊ ပွင်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထားများဖွံ့ဖြိုးလာခြင်းအပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုအစီအစဉ်များကို အထောက်အကူပြုခြင်းစသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ထို့နောက် ကျေးရွာလုပ်ငန်းကော်မတီများဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်များနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်