မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီး  ဇူလိုင်  ၄

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးနည်းပညာတက္ကသိုလ်(အေးသာယာ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် တောင်ကြီးနည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာခင်မေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမော်မော်ကိုက ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အိုဇုန်းလွှာနှင့် အအေးပေးဒြပ်ပစ္စည်းများအကြောင်း ဟောပြောဆွေးနွေး၍ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အသိပညာပေးဗီဒီယို ပြသခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များကိုမေးမြန်းရာ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူး ဆရာ/ဆရာမ ၁၄ ဦး၊ မဟာအင်ဂျင်နီယာသင်တန်း၊ ဆဌမနှစ်နှင့် ပဉ္စမနှစ်မှ ကျောင်းသား ၆၆ ဦး ကျောင်းသူ ၇၂  ဦး စုစုပေါင်း ၁၅၂ ဦး တက်ရောက် ခဲ့သည်။

စိုင်းသန်းကျော်(တောင်ကြီး)