ကော့မှူး ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာ ရရှိစေရန်နှင့် စာအုပ်စာစောင်များအား လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့ကအ.မ.က(ဇလုတ်ကြီး)နှင့် အ.မ.က (နတ်စင်ကုန်း) ကျောင်းသို့ သွားရောက်ငှားရမ်းပေးနေကြောင်းသိရသည်။
ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် သုတ/ ရသစာအုပ်မျိုးစုံ ၂၀၀၀ ကျော်ပါရှိပြီး စာအုပ် အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များအား အလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများ အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုစာအုပ်များအား အခမဲ့လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)