မုဒုံ ဇူလိုင် ၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏အစီအစဥ်ဖြင့် မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခြင်း၊ မိုးစပါးများစိုက်စနစ်မှန်ကန်ရေးအတွက် Drum Seeder လက်ဆွဲကောက်စိုက်စက်နှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ဝက်တဲကျေးရွာရှိ ကွင်းအမှတ် ၈၅၄ တောင်သူကွင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တောင်သူများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကြဲခင်းစနစ်စိုက်ပျိုးခြင်းထက် စက်ကိရိယာများ ပိုမိုအသုံးပြုစိုက်ပျိုးနိုင်ရန်၊ တောင်သူများ မျိုးစေ့ကုန်ကျမှုသက်သာပြီး အလေအလွင့်မရှိစေရန်နှင့် အချိန်လုပ်အားခလျော့ချနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တစ်ခုလုံးအတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder (၅၈၀)လက်ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မုဒုံမြို့နယ်အနေဖြင့် (၆၀)လက်ကို တောင်သူများထံ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း၊ ကောက်စိုက်စက်ကို အသုံးပြုခြင်းအားဖြင့် ပျိုးပင်များအတန်းလိုက်စိုက်ပျိုးနိုင်သည့်အတွက် လေဝင်လေထွက်ကောင်းမွန်ကာ အမြစ်ပွားနှုန်းကောင်းမွန်စေခြင်း အပင်ပြုစုချိန်မှ ရိတ်သိမ်းချိန်အထိ စိုက်ပျိုးလွယ်ကူစေပြီး ကုန်ကျစရိတ်သက်သာ၍ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး သီးနှံအထွက်နှုန်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်စေခြင်းဖြင့် တောင်သူများဝင်ငွေတိုးစေရန်အတွက် တာဝန်ရှိသူများမှ အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို တောင်သူများမှလည်း အင်တိုက်အားတိုက်ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ချကိရိယာ Drum Seeder များကို အကျိုးဆောင်တောင်သူများထံပေးအပ်၍ လက်စွဲကောက်စိုက်စက်နှင့် ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)