ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) တွင် ကျင်းပရာ အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်‌အောင်နိုင်‌ရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ကြသည်။

ရှေးဦးစွာ အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် အောင်နိုင်ရေး ကော်မတီများအနေဖြင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် အဓိကကျသော လေ့ကျင့်ရေး၊ ယှဉ်ပြိုင်ရေး၊ အောင်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်‌ကြောင်း၊ အားကစားနည်း(၂၃)မျိုးတွင် အားကစားနည်းအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ အနေဖြင့်  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေး ကိစ္စရပ်များအား အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အားကစားသမားများ ရွေးချယ်‌ရေးကိစ္စရပ်များတွင် စနစ်တကျရှိစေရေးအတွက် အားကစားသမားစိစစ်ရွေးချယ်ရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ အသက်မှန်ကန်မှုရှိစေရေးအတွက် နေပြည်တော် ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အားကစားသမားများအတွက် လိုအပ်သော အားကစားလေ့ကျင့်ရေးသုံး အထောက်အကူပစ္စည်းများကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အားကစားအသင်းများအတွက် လိုအပ်လျက်ရှိသော ဘဏ္ဍာငွေသုံးစွဲရာတွင် အလေအလွင့်မရှိစေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်‌အောင်နိုင်‌ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးခင်ဇော်က ပြိုင်ပွဲဝင်ရောင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက် ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးဆွေးနွေး တင်ပြကြသည်။

ယင်းနောက် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)