ကလော ဇူလိုင် ၄
စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၁၀ ဦးက ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၉)၊ စာစောင်ထဲမှ စာရေးဆရာ မောင်ထည်ဝါ (ပျော်ဘွယ်) ရေးသားသည့် စာကြည့်တိုက်ကဗျာခေါင်းစဉ်ဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကလေးအလုပ်သမား ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)