တာချီလိတ် ဇူလိုင် ၄
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိ ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရယူခဲ့သော အောင်ပွဲရတာချီလိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ယနေ့ ညနေ ၃ နာရီခွဲက ဌာနဆိုင်ရာများနှင့်ပြည်သူများမှ တာချီလိတ်လေဆိပ်သို့သွားရောက်၍ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားရရှိခဲ့သည့် တာချီလိတ်မြို့နယ် ကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းအား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေပန်းများဖြင့် သွားရောက်ကြိုဆိုခဲ့ကြသည်။
ထို့နောက် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းနှင့် ဂုဏ်ပြုဆုငွေ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းကို ညနေ ၆ နာရီအချိန်တွင် တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ဆက်လက်ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁၈) မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ၊ ဗိုလ်လုပွဲတွင် တာချီလိတ်မြို့နယ်အမျိုးသမီးဘောလုံးအသင်းမှ ညောင်ရွှေမြို့နယ်အမျိုးသမီး ဘောလုံးအသင်းကို (၂-၀) ဖြင့် အနိုင်ရရှိဗိုလ်စွဲကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမဆုရရှိခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)