မန္တလေးမြို့တော်ခန်းမတွင် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၄

၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဂုဏ်ပြုအဖွင့် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များနှင့် အရေးပါသည့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို  အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူရင်ဘောင်တန်းကာ လွတ်လပ်တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပြီး ထူးချွန်ထက်မြက်စွာ နိုင်ငံ့အကျိုးကို သယ်ပိုးလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ပေးရန်၊ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းမှတ်တိုင် video clip ပြသမှုကို ကြည့်ရှုခဲ့ကြသည်။

၎င်းနောက် လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍတို့တွင် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကဏ္ဍများအလိုက် ဆုရရှိသူများကို ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ဌာနငယ်သင်တန်းကျောင်းများမှ အမျိုးသမီးငယ်များက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဖျော်ဖြေပွဲများကို ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမတွင် ပြသထားသည့် သင်တန်းကျောင်းများမှ ကျောင်းသူများ၏ လက်မှုပစ္စည်းများနှင့် အသင်းအဖွဲ့များ၏ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)