ပန်းဘဲတန်း နိုဝင်ဘာ ၁၆
ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက် ကုန်ဈေးတန်းလမ်းအတွင်းရှိ ဈေးရောင်းချပြည်သူ များအား နှာခေါင်းစည်း (Mask) ၊ Face Shield အခမဲ့ဖြန့်ဝေတပ်ဆင်ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းအတွင်း ဈေးရောင်းချနေသော ပျံကျဈေးသည်များ၊ သိမ်ကြီးဈေး (A)ရုံအတွင်းရှိ ဈေးသည်များ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုနည်းပါးစေရန်၊ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)၊ Face Shield များ အခမဲ့ဖြန့်ဝေ တပ်ဆင်ခြင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများ ကလည်း ဈေးအတွင်း ဈေးရောင်းချသူပြည်သူ၊ ဈေးဝယ်သူပြည်သူများ နှာခေါင်းစည်း တပ်ဆင်ကြရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း နေထိုင်သောပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနည်းပါးစေရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များကို အလေးထားလိုက်နာကြစေရန် နှာခေါင်းစည်း (Mask)၊ Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေးပြောကြားခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၏ ပြောကြားချက်အရ သိရှိရသည်။
နေခြည် (ပြန်/ဆက်)