နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ (၃/၂၀၂၄) အစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းသည် နိုင်ငံသားများအားလုံးအတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေး လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအပေါ် သက်ရောက်နေသည့် အခြေအနေနှင့်အချက်အလက်များကို သိရှိစေရန်နှင့် ကုစားနိုင်ရေးအတွက် လိုအပ်သော စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများတိုးတက်လားစေရေး၊ ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများရရှိစေရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်သည့်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် ခရီးစဉ်နေရာများတွင် ခြင်၊ ယင်များကင်းစင်စေရေး၊ အမှိုက်များကင်းစင်စေရေး၊ စိမ်းလန်းစိုပြည်စေရေးကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ ကော်မတီ အဖွဲ့ဝင်များနှင့် နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း နှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက နေပြည်တော်အတွင်း ခရီးသွား လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)