ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

စစ်တွေ ဇူလိုင် ၃

မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသူများ၊ အမျိုးသမီးအားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီးတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်ကြောင်း၊ ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့တွင် ထူးချွန်သည့်အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သောနေ့ဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့သည့် ဇူလိုင်လ(၃)ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်ကစ၍ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစားဂုဏ်ယူဖွယ်ဂုဏ်ဒြပ်များနှင့် အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုအလေးထားဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ မြန်မာအမျိုးသမီးများနေ့ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသောအင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက်အလွန်အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်ကြောင်း၊ မိသားစု၊ လူ့အဖွဲ့အစည်းများကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးထုကြီး၏ အင်အားဖြင့် အကောင်အထည်ဖော်ကြရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ရန် ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရ အမျိုးသမီးများအားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု ဗီဒီယိုအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ထူးချွန်ဆုရရှိကြသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)