ကျိုက်မရောမြို့ အ.မ.က မူလွန်(၁)၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

ကျိုက်မရော ဇူလိုင် ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက်ရှိ အ.မ.က မူလွန်(၁)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဦးစွာမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုဌေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသား၊ ကျောင်းသူများစာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် အသိပညာတိုးပွားစေရန် ပညာပေးဟောပြောပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို ကြည့်ရှုကာ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကြသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲနှင့် ပညာပေးပြခန်းတွင် ကလေးကဗျာများ ရုပ်ပြပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်စာစောင်များစသည်ဖြင့် ကလေးများ အသိပညာတိုးပွားရေးအတွက် စာပေဖတ်ရှု လေ့လာခွင့်ရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး မူးယစ်ဆေးဝါးအန္တရာယ် သတိပြု ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)