ပျော်ဘွယ်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ပျော်ဘွယ် ဇူလိုင် ၃

ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲက အုန်းပင်ကျေးရွာအုပ်စု၊ မင်းလှသာစည်ကျေးရွာဓမ္မာရုံတွင် ကျင်းပခဲ့သည်။   ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်းကို မကြာမီကာလအတွင်း ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းအောင်မြင်ရန်အတွက် ကျေးရွာပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ပါကြောင်း တို့ကိုဆွေးနွေးပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင်က ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတားဆောက်လုပ်ရေး၊ ရေရရှိရေးစသည့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်း နှင့်ပတ်သက်၍ မင်းလှသာစည်ကျေးရွာအား သတ်မှတ်ခဲ့ပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းတူးဖော်ခြင်း၊ ရေတွင်းရေစင်ဆောက်လုပ်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အင်တာနက်ကွန်ယက်ချိတ်ဆက်ခြင်း၊ စသည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး