တာချီလိတ် ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီကအခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်၍ လူ့ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေနေတတ်စေရန်နှင့် လူငယ်ရေးရာ သိသင့် သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်သန်းက လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုစနစ်တကျ စီမံခန့်ခွဲ၍ အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ပြင်ပဗဟုသုများရရှိစေရန် စာပေများဖတ်ရှု့လေ့လာခြင်းဖြင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူက ပလတ်စတစ်ကို ကမ္ဘာတစ်ဝှမ်း အလွယ်တကူ အများအပြား ထုတ်လုပ်သုံးစွဲနေကြပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိခြင်းတို့ကြောင့် ပလတ်စတစ်များ မြစ်၊ ချောင်း၊ အင်း၊ အိုင်များသို့ ရောက်ရှိကာ ရေထုညစ်ညမ်းခြင်း၊ မီးရှို့ဖျက်စီးမှုကြောင့် လေထုညစ်ညမ်းခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်မည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)