မိုင်းဆတ် ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းတည့် (၁၂)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က နိုင်ငံတော်အစိုးရသည် သမိုင်းအစဉ်အဆက် ဂုဏ်ဒြပ်ဝင့်ထည်ခဲ့သော မျိုးချစ်မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးရေးရာအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ(၃)ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများသည် ဗုဒ္ဓဘာဝင်းများပီပီ ဂါရဝေါစ နိဝါတောစ တရားနှင့် ရိုသေသင့်သူကို ရိုသေကြကြောင်း၊ နိုင်ငံနှင့် လူမျိုးတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းသည့်ဓလေ့များရှိနေခြင်းသည် မြန်မာအမျိုးသမီးများ၏ မြတ်နိုးဖွယ် စရိုက်လက္ခဏာဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားကာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူများဖြစ်စေလိုကြောင်းနှင့် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းက လေးစားတန်ဖိုးထားရသည့်သူများဖြစ်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)