နမ့်စန်တွင် တောင်သူများကို မျိုးစေ့၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

နမ့်စန်(တ) ဇူလိုင် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေမှ မျိုးစေ့၊မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများအား တောင်သူများထံ ဆက်လက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ငွေလုံး ငွေရင်းရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သည့် မျိုးစေ့၊မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ နည်းစနစ်မှန်ကန်စွာနှင့်အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြသိန်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဟိုင်းလိုက်၊ ဝမ်ပုံ၊ လွိုင်ယဲ၊ အမှတ်(၅)၊ မိုင်းစိတ်နှင့် မက်မွန်မုန်း ကျေးရွာအုပ်စုတို့မှ တောင်သူ(၅၀)ဦးအား ပြောင်း၊ စပါး၊နေကြာနှင့် မြေပဲမျိုးစေ့စုစုပေါင်း(၇၀)ဧကစာ ၊ယူရီးယား၊ ကွန်ပေါင်း ဓာတ်မြေဩဇာ(၁၄၀)အိတ်နှင့် မျိုးစေ့ချကိရိယာ(၇)ခုတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)