မော်လမြိုင် ဇူလိုင် ၃
၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ကျောင်သူများနှင့် သင်တန်းသူများ၊ ထူးချွန်ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကအမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှုကို ပြည်သူလူထုမှ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်စေရန်ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသမီးများနှင့် ပတ်သက်သော အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းမှစ၍ ကျား၊ မ မခွဲခြားဘဲ တန်းတူညီမျှတိုးမြှင့်နိုင်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး ဒေသတွင်း အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ကဏ္ဍပေါင်းစုံမှ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သည့် အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသလို အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို တက်ကြွစွာလုပ်ဆောင်သွားကြရန်လည်း လိုအပ်ကြောင်း၊ မြို့ပြ၊ ကျေးလက်မကျန်အရပ်ဒေသ အသီးသီးမှာနေထိုင်ကြသည့် အမျိုးသမီးများအားလုံးဟာ မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်စွမ်းသော၊ စွမ်းဆောင်ရည်မြင့်မားသော၊ အမှီအခိုကင်းစွာဖြင့် မိမိကိုယ်ကိုမိမိယုံကြည်ချက် ခိုင်မာစွာရပ်တည်နိုင်သော၊ ကမ္ဘာကြီးကို ကိုင်လှုပ်မယ့်လက်များအဖြစ် ကမ္ဘာ့နိုင်ငံများအလယ် ဂုဏ်ကျက်သရေရှိသော မြန်မာအမျိုးသမီးများအဖြစ် ဝင့်ထယ်စွာ ရပ်တည်နိုင်ပါစေကြောင်းဖြင့် ဆုမွန်တောင်းအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video clip အား ပြသခဲ့မှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး မွန်ပြည်နယ်အတွင်း ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊လူမှုရေး ကဏ္ဍများတွင်ထူးချွန်ခဲ့သော အမျိုးသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက မြန်မာမလေးတေးသီချင်းဖြင့်လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်အဖွဲ့မှ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ တေးသီးချင်းဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)မှ ကျောင်းသူလေးများက Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ကျောင်းသူလေးများအား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)