မိတ္ထီလာ ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရေး စသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိသားစုအတွင်းရှိ အမျိုးသမီးငယ်လေးများ အလုပ်အကိုင်ရရှိစေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်၊ လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် ကျွမ်းကျင်တက်မြောက်မှုရှိစေရန်နှင့် ကျွမ်းကျင်မှုအလိုက် ထိုက်သင့်သည့်လုပ်ခလစာရရှိစေရန်၊ နည်းပညာအတက်ပညာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။ ယင်းသို့ သင်ကြားပို့ချပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ အသက်မွေးအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်း၊ ညောင်ဦး မြို့နယ်များမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)