မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိတ္ထီလာ ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ စုပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းပါကြောင်းနှင့် ပွဲတော်အတွင်း ထည့်သွင်းကျင်းပသွားမည့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ၊ ကြိုဆိုနေရာချထားရေး အစီအစဉ်များ၊ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေရေးအစီအစဉ်များ၊ ပြပွဲပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွဲနိုင်ရေး၊ ပါဝင်ဆင်နွဲသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်များ ပြန်လည်ပေးအပ်နိုင်ရေး၊  ပွဲတော်သို့ လာရောက်လေ့လာသည့် ကျောင်းသား၊ ကျောင်းသူများအား မုန့်နှင့် အအေးများ ပေးဝေးနိုင်ရေး၊ ပြိုင်ပွဲတွင် ဆုရသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်နိုင်ရေး စသည့် အစီအစဉ်များ လုပ်ငန်းများအား ရှင်းလင်းခဲ့သည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က မိတ္ထီလာခရိုင်တွင် ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဆွေးနွေးတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို သြဂုတ်လနောက်ဆုံးအပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတော်တွင် စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြခန်းများ၊ ဖြေဖျော်ရေးများနှင့်အတူ စာအုပ်စျေးရောင်းပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)