ကျောက်ပန်းတောင်း ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ၂၀၂၄-ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို၊ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ယနေ့ နံနက်(၉)နာရီက၊ ပြည်တော်သာရပ်ကွက်ရှိ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)ရှိ ပုပ္ပားသုံးထပ်ဆောင်ရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ရှေ့ဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းဇော်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာရီရီမွန်နှင့် ဌာနဆိုင်ရာများထံ ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများ စုစုပေါင်းအင်အား (၂၃၀)ဦးတို့က ကျွန်း၊ ယင်းမာ၊ တမာ၊ မယ်ဇလီ၊ စိန်ပန်းနီ၊ ရေတမာ၊ ပိတောက်၊ ခရေ၊ မယ်ဇယ် အစရှိသည့်၊ ပျိုးပင် စုစုပေါင်း(၃၀၀)ကို တပျော်တပါးစိုက်ပျိုးပေးခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဆည်ပေါက်ပျိုးဉယျာဉ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးရန်အတွက် အရိပ်ရသစ်ပင်ပျိုးပင်ပေါင်း(၃၇၀၀၀)ကျော် စိုက်ပျိုးထားရှိကြောင်းသိရပြီး၊ အဆိုပါ ပျိုးပင်များကို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပခြင်းအပြင်၊ တစ်ရွာ ၂ ဧက စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးခြင်း၊ လူထုဖြန့်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရပြီး၊ တစ်ရွာ ၂ ဧက ထင်းစိုက်ခင်းအနေဖြင့် ကျေးရွာပေါင်း(၄၅)ရွာတွင်၊ ဧကပေါင်း(၈၃) ဧက စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)