ကျိုင်းတုံမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကျိုင်းတုံ ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က ကလေးသူငယ်များ အတန်းပညာနှင့် အတွေ့အကြုံဗဟုသတများ ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ဆက်စပ်နှီးနွယ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများသာမက ပြည်သူလူထုနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆောက်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကလေးသူငယ်များအားလုံးအနာဂတ်မှာ နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာရေးနှင့် ကလေးသူငယ်များအကျိုးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)